Depression (စိတ်ကျရောဂါ)

Depression (စိတ်ကျရောဂါ)
===================

စိတ်ကျရောဂါ ဆိုသည်မှာ ဝမ်းနည်းပူဆွေးခြင်းနှင့် အရာရာတိုင်းအပေါ် စိတ်ဝင်စားမှု ပျောက်ဆုံးခြင်းကို အချိန်ကြာမြင့်စွာ ခံစားနေရခြင်းကို ခေါ်ခြင်းဖြစ်ပါသည်။

လက္ခဏာများ
**************
စိတ်ကျရောဂါ ခံစားနေရသော ဝေဒနာရှင်သည် အောက်ပါဝေဒနာများကို နေ့တိုင်းလိုလို ခံစားနေရတတ်ပါသည်။ ၎င်းတို့မှာ
. ဝမ်းနည်းခြင်း၊ ငိုကြွေးချင်ခြင်း၊ လစ်ဟာနေသလို ခံစားနေရခြင်းနှင့် မျှော်လင့်ချက် မရှိသလို ခံစားနေရခြင်း
. ဒေါသထွက်လွယ်ခြင်း၊ သေးသေးမွှားမွှားလေးကအစ ထိခိုက်ခံစားလွယ်ခြင်း
. ပျော်ရွှင်မှုနှင့် စိတ်ဝင်စားမှုများ ပျောက်ဆုံးခြင်း
. အိပ်မပျော်ဖြစ်ခြင်း / အလွန်အကျွံ အိပ်ခြင်း
. အားအင်ကုန်ခမ်းကာ ပင်ပန်းလွယ်ခြင်း
. အစားအသောက်ပျက်ခြင်း၊ ပိန်လာခြင်း
. ဂနာမငြိမ်ဖြစ်ခြင်း
. စကားပြောခြင်း၊ တွေးခြင်းနှင့် လှုပ်ရှားမှုများ၌ နှေးကွေးနေခြင်း
. အတိတ်က ဖြစ်ရပ်များအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေခြင်း
. အာရုံမစူးစိုက်နိုင်ခြင်း၊ ဆုံးဖြတ်ချက် မချနိုင်ခြင်း
. ခဏခဏ သေကြောင်းကြံမိခြင်း
. နောက်ကျောနာကျင်ခြင်းနှင့် ခေါင်းကိုက်ခြင်းများ ခံစားရခြင်းတို့ဖြစ်ပါသည်။

ဖြစ်ပွားရသော အကြောင်းရင်းများ
*********************************
စိတ်ကျရောဂါ ဖြစ်ပွားရသော အကြောင်းရင်းကို သေချာမသိရှိကြသေးသော်လည်း စိတ်ရောဂါများကြောင့်အပြင် အောက်ပါအချက်များဖြစ်သော
. Biological difference - ဦးနှောက်တွင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ရှိခြင်း
. Brain chemistry ဦးနှောက်မှထုတ်သော Neurotransmitter များကြောင့်လည်းကောင်း
. Hormones - လူ့ခန္ဓာကိုယ်တွင် ဟော်မုန်းပြောင်းလဲခြင်းကြောင့်လည်းကောင်း
. Inherited traits - မျိုးရိုးလိုက်ခြင်း တို့ကြောင့်လည်း ဖြစ်စေနိုင်သည်ဟု ယူဆထားကြပါသည်။

ဖြစ်နိုင်ချေများသူများ
********************
စိတ်ကျရောဂါသည် ဆယ်ကျော်သက်အရွယ်၊ ၂၀ မှ ၃၀ နှစ်အကြားတွင် အဖြစ်များသော်လည်း မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်ပါသည်။

နောက်ဆက်တွဲ ပြဿနာများ 
*****************************
စိတ်ကျရောဂါသည် မကုသဘဲ ထားပါက ပိုဆိုးလာနိုင်ပြီး နောက်ဆက်တွဲ လက္ခဏာများ ဖြစ်သော

. အဝလွန်လာခြင်း
. ရုပ်ပိုင်းဆိုင်ရာ ရောဂါရလာခြင်း
. အရက်များ အလွန်အကျွံ သောက်လာခြင်း
. စိတ်ဖိစီးမှု များလာခြင်း၊ အကြောက်လွန်လာခြင်း
. လူမှုရေး ပြဿနာများ ဖြစ်လာခြင်း
. တစ်ယောက်တည်း အထီးကျန်လာခြင်း
. သေကြောင်းကြံစည်မိခြင်း
. ကိုယ့်ကိုယ်ကို နာကျင်အောင် လုပ်ခြင်းနှင့်
. တခြားရောဂါများ ဝင်ရောက်လာခြင်းကြောင့် လူ့ဘဝ နေဝင်ချိန်စောခြင်း တို့ဖြစ်နိုင်ပါသည်။

ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
***************************************************
အကယ်၍ အထက်ပါ လက္ခဏာများ ခံစားရသည်နှင့် နီးစပ်ရာ ဆေးရုံဆေးခန်း(သို့) စိတ်ရောဂါအထူးကု ဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။

စစ်ဆေးမှုများ
**************
ရောဂါဇစ်မြစ် သေချာသိစေရန် မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများ အပြင် သွေးစစ်ခြင်း၊ Psychological evaluation ခေါ် စိတ်အခြေအနေ စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။

ကုသခြင်း
***********
စိတ်ကျရောဂါအား ကုသရာတွင် သောက်ဆေးများအပြင် Psychological counseling ခေါ် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအားပေးခြင်းနည်းသည်လည်း များစွာ အထောက်အကူ ဖြစ်စေပါသည်။ စိတ်ကျရောဂါ ပြင်းထန်ပါက ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှု ခံယူရန် လိုအပ်ပါသည်။ စိတ်ကျသက်သာဆေးများကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရန်နှင့် ဆရာဝန်နှင့် မတိုင်ပင်ဘဲ ဆေးများကို ရပ်မပစ်ရန်လည်း အရေးကြီးပါသည်။

ကာကွယ်ခြင်း
***************
စိတ်ကျရောဂါကို ကာကွယ်ရန် တိကျသေချာသော နည်းလမ်းများ မရှိသော်လည်း

- စိတ်ဖိစီးမှုများကို လျှော့ချပေးခြင်း
- အခက်အခဲရှိလျှင် မိသားစုနှင့် သူငယ်ချင်းများအား ဆွေးနွေးတိုင်ပင်ခြင်း
- ရောဂါစဖြစ်စဉ်ကပင် ဆေးကုသမှု ခံယူခြင်းနှင့်
- ဆေးကုသမှုကို ရေရှည် ခံယူခြင်းဖြင့် စိတ်ကျရောဂါကို ကာကွယ်နိုင်ပေသည်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 1,440

Healthy Organization, provided by MyHealthcare

Featured on