အစာအိမ်တွင် အဖြစ်များသော ရောဂါများအကြောင်း

အစာအိမ်တွင် အဖြစ်များသော ရောဂါများအကြောင်း
================================

အစာအိမ်(Stomach) ဆိုတာအစာမျိုပြွန် (oesophagus) နဲ့ အူသိမ် (Small Intestine)ကြားမှာ ရှိတဲ့ ကိုယ်တွင်းအဂါၤတစ်ခုဖြစ်ပါတယ်။ အစာအိမ်ရဲ့ အလုပ်၃ခုရှိပါတယ်။ မျိုချထားတဲ့ အစာတွေကိုစုဆောင်းပေးထားခြင်း၊ အစာတွေကို အစာခြေရည်နဲ့ရောကာချေပေးခြင်း နှင့်၊ ခြေဖျက်ပြီးသားအစာတွေကို အူသိမ်ဆီပို့ပေးခြင်း စသည်တို့လုပ်ဆောင်ရပါတယ်။

အစာအိမ်ရောဂါ တစ်ခုခုဖြစ်လာပြီဆိုရင် လူနာများခံစားရလေ့ရှိတဲ့ လက္ခဏာတွေကတော့ အစာမကြေခြင်း၊ လေထိုးလေအောင့်ဖြစ်ခြင်းနှင့် ရင်ပူခြင်းတို့ဖြစ်ပါတယ်။ အဖြစ်လည်းများပြီး နီးစပ်ရာဆေးဆိုင်မှ လေဆေးများ ဝယ်ယူသောက်သုံးခြင်းဖြင့် သက်သာသွားလေ့ရှိသောကြောင့် အစာအိမ်ရောဂါကို တိကျစွာ ရောဂါရှာခြင်းမပြုပဲ ထားလေ့ရှိကြပါတယ်။ အရေးကြီးပြီး ထိရောက်သော ကုသမှုလိုတဲ့ အစာအိမ်မှာ ဖြစ်တတ်တဲ့ရောဂါများအကြောင်း မျှဝေလိုပါတယ်။

အစာအိမ်ယောင်ခြင်း (Gastritis) နှင့် အစာအိမ်အနာဖြစ်ခြင်း (Gastric Ulcer)

အစာအိမ်အနာ ဖြစ်စေတဲ့ အဓိကအကြောင်းရင်းက Helicobacter pylori ဆိုတဲ့ ပိုးကြောင့်ဖြစ်ပြီး ဒီပိုးက ပဲ နာတာရှည်အစာအိမ်ယောင်ယမ်းခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ အကိုက်အခဲ သောက်ဆေးများဖြစ်တဲ့ Asprin, Ibuporofen စတဲ့ ဆေးတွေကို အများအပြားသောက်ခြင်း ကြောင့်ဆိုရင်တော့ အစာအိမ်နာနဲ့ အစာအိမ်ယောင်ခြင်း ၂မျိုးလုံးကို တို့ဖြစ်စေနိုင်ပြီး အရက်အလွန်အကျွံသောက်ခြင်းကလည်း အစာအိမ်ယောင်စေပါတယ်။

ဒီရောဂါ ၂မျိုးလုံး ရဲ့လက္ခဏာတွေကလည်းဆင်တူပါတယ်။ ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ခြင်း၊ ပျို့အန်ခြင်း၊လေချဉ်တက်ခြင်း၊ ရင်ပူခြင်း၊ အစာမကြေလေပွခြင်း စတာတွေခံစားရနိုင်ပါတယ်။ လူအများစုကလည်း ဒီရောဂါ၂ မျိုးလုံးကို ရောနှောပြီး အစာအိမ်ရောဂါ ရှိတယ်လို့ပဲပြောနေကြပါတယ်။ ရောဂါအတိအကျသိဖို့အတွက်ကတော့ အစာအိမ်မှန်ပြောင်းကြည့်၍ အနာရှိနေတာလား အစာအိမ်နံရံ ယောင်ယမ်းနေတာလားခွဲခြားနိုင်ပါတယ်။

H.pylori ပိုးရှိမရှိကိုလည်း စစ်ဆေးနိုင်ပါတယ်။အစာအိမ်အနာ နဲ့ အစာအိမ်ယောင်ခြင်း ဆိုတာ လက်မှာဖြစ်တဲ့အနာလိုပါပဲ ဒါကြောင့် ”အနာပေါ်ဒုတ်ကျ ” ဆိုတာလို ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ လက်လုပ်ချဉ်၊ ငရုပ်သီး၊ ငရုပ်ကောင်း၊ အစာကြမ်းများ၊ အစာကြေလွယ်ခြင်း မရှိသော ကောက်ညှင်းကဲ့သို့သော အစားအစာ
များ၊ ကြော်လှော်စာများ စားတဲ့အခါ အစာအိမ်အနာပေါ် ဒုတ်ကျ သလို ဖြစ်တာမို့ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်း စတဲ့ အစာအိမ် ရောဂါရဲ့လက္ခဏာ တွေပိုမို ခံစားရနိုင်ပါတယ်။

Helicobacter pylori ကြောင့်ဆိုရင်တော့ သူ့ကိုသတ်နိုင်တဲ့ ပိုးသတ်ဆေးတွေဖြစ်တဲ့ Amoxillin, Metronidazol, Clarithromycin စတဲ့ ဆေးများနဲ့ ပိုးသတ်ရပါမယ်။ ပိုးများ အရှင်းပျောက်အောင် ပိုးသတ်ဆေးကို ၁၄ ရက်ခန့်ဆက်သောက်ဖို့လိုအပ်ပါ တယ်။အနာပျောက်ဆေးများကြောင့် ဖြစ်တာဆိုရင် အနာဖြစ်စေတဲ့ဆေးတွေကို ရပ်တန့်ခြင်း၊ လျော့သောက်ခြင်း၊ အခြားဆေးဖြင့်ပြောင်းလဲခြင်းများ ပြုလုပ်ရပါမယ်။ဒီရောဂါတွေက အစားအစာ ဆင်ခြင်နေမယ်၊ လေဆေးလေးသောက်နေမယ်ဆိုရင် သက်သာနေတတ်လို့ သေချာကုသမှု မခံယူရင် အစာအိမ်အနာမှသွေးထွက်ခြင်း၊ အစာအိမ်အနာ ပိုမိုနက်ရှိုင်း သွားပြီး အစာအိမ်နံရံပေါက် သည်အထိဖြစ်နိုင်တဲ့ အတွက်ကြောင့် အစားအသောက်ဆင်ခြင်တာနဲ့အတူ တိကျသောကုသမှုခံယူရပါမယ်။

လေပူလှန်ခြင်း၊ အစာရေမျိုယောင်ခြင်း (Gastro-Oesophageal Reflux Disease)

လေပူလှန်ခြင်း၊ အချဉ်ပြန်ခြင်းဆိုတာ အစာအိမ်ထဲက အက်ဆစ်တွေ အစာရေမျိုထဲ စိမ့်ဝင်လာလို့ဖြစ်ရတာပါ။ စိမ့်ဝင်လာတဲ့ အက်ဆစ်တွေဟာ အက်ဆစ်ကာကွယ်ရေးစနစ်ချို့တဲ့ တဲ့ အစာရေမျိုနံရံကို သွားပြီး စားလောင်တဲ့အတွက် အစာရေမျိုယောင်ခြင်းဖြစ်ရပါတယ်။ တစ်ချို့လူများရဲ့ အစာရေမျိုကတော့ အက်ဆစ်ဓါတ်ကို တော်တော်လေး
ခံနိုင်တဲ့ အတွက် အချဉ်ပြန်ခြင်းသာဖြစ်ပြီး အစာရေမျိုကတော်ရုံနဲ့ မယောင်ပါဘူး။

ဒီလိုလေပူလှန်ခြင်း၊ အချဉ်ပြန်ခြင်း၊ အစာရေမျိုယောင်ခြင်း စတဲ့ဟာတွေကို တစ်ပေါင်း တစ်စည်းထဲ Gastro-Oesophageal Reflux Disease (GORD) လို့ခေါ်ပါတယ်။

ရင်ပူခြင်း (Heart burn) ဟာ အဓိကလက္ခဏာပါပဲ။ ရင်ညွန့်ကနေ လည်ပင်းထိ ပူနေပါတယ်။ Heart burn ဆိုပေမယ့် နှလုံးနှင့်
လားလားမှ မဆိုင်ပါဘူး။ရင်ညွန့်နားအောင့်ခြင်း၊အန်ချင်ခြင်း၊ လေချဉ်တက်ခြင်း၊ ဗိုက်ကယ်၊ ရင်ပြည့်ခြင်း၊ ရေနွေးပူပူသောက်လျှင် လည်ချောင်းတလျှောက်ပူဆင်းသွားခြင်းတို့ဖြစ်ပါတယ်။ ဒီလက္ခဏာတွေဟာ
ပေါ်လိုက်ပျောက်လိုက်ပါ။ အထူးသဖြင့် အစာစားပြီးစမှာ ဆိုးဝါးတတ်ပါတယ်။

ရှားရှားပါးပါး လက္ခဏာတွေကတော့ ညဖက်လည်ချောင်းယားပြီး ချောင်းဆိုးခြင်းနဲ့ရင်ဘတ် မတရားအောင့်ခြင်း တို့ပါပဲ။ (တစ်ခါတစ်လေ နှလုံးရောဂါနဲ့တောင် မှားနိုင်တယ်) ဘာကြောင့် အက်ဆစ် ပြောင်းပြန် လှန်တက် ယိုစိမ့်ရသလဲ ဆိုတော့ရှုံ့ ကြွက်သားကောင်းကောင်း အလုပ်မလုပ်တော့လို့ပါ။ဘာကြောင့် အလုပ်ကောင်းကောင်းမလုပ်ရ သလဲကတော့ တခါတလေ အကြောင်းရင်း ရှာမရပါ။

ဗိုက်ထဲမှာ တင်းအား များလာတဲ့ အခါမျိုးတွေမှာတော့ ဖြစ်တတ်ပါတယ်။ ဥပမာ အစာအများကြီးစားထားခြင်း၊ ကိုယ်ဝန်ဆောင်၊ အရှေ့ကိုကုန်းထိုင်နေခြင်း။အနည်းဆုံး လူ ၃ယောက်မှာ တစ်ယောက် မကြာခဏ ဒီရောဂါခံစားနေကြပါတယ်။

အဝလွန်သူများ၊ ဆေးလိပ်သောက်သူများ၊ ကိုယ်ဝန်ဆောင်များ၊ အရက်သောက်များသူများ၊ အစာအိမ်ကျွံရောဂါ (hiatus hernia) ရှိသူများ၊ အသက် ၃၅-၆၄နှစ်ကြား တို့မှာပိုဖြစ်ပါတယ်။ပုံမှန်ရောဂါလက္ခဏာများရှိရင်တော့ ဆေးဝါးလေးပဲ တန်းပေးပါတယ်။

သာမန်ကုထုံးနဲ့မသက်သာဘူး၊ ရောဂါလက္ခဏာပြင်းတယ်၊ သာမန်လက္ခဏာတွေနဲ့မတူတဲ့သူဆိုရင်တော့ အစာရေမျို မှန်ပြောင်းကြည့်ရပါတယ်။ အစာရေမျိုနံရံမှာ အက်ဆစ်လောင်နေလို့ နီရဲရဲလေးဖြစ်နေတာကို တွေ့ရပါတယ်။နှလုံးရောဂါ အပါအဝင် တခြားရောဂါများနဲ့ ခွဲလို့မရရင်တော့ ECG, Chest Xray စတာတို့ လုပ်ဖို့လိုပါတယ်။
ဆေးအနေနဲ့တော့ Antacids ဝါးစားရတဲ့ လေဆေးတွေစားနိုင်ပါတယ်။ အညွှန်းထက်မများစေပဲ လိုအပ်သလောက် စားရပါမယ်။Acid Suppressing Medicine တွေကိုတော့ဆရာဝန်ညွှန်မှ သောက်သင့်ပါတယ်။

အစာအိမ်နာကြောင့်မဟုတ်သော အစာမကြေဖြစ်ခြင်း

တစ်ချို့လူနာ များသည် အစာမကြေ ခဏခဏ ဖြစ်တတ်တယ် ဆိုသော ဝေဒနာ နှင့်ဆေးရုံဆေးခန်းလာကြပါတယ်။ ရောဂါရှာဖွေကြည့်တဲ့ အခါမှာလည်း အစာအိမ်မှာ အနာဖြစ်ခြင်း၊ ယောင်ယမ်းခြင်းတို့ မတွေ့ရပဲ ပုံမှန် ဖြစ်နေတတ်ပါတယ်။ အဲ့လို အခြေအနေ ကို non-ulcer dyspepsia (အစာအိမ်နာကြောင့်မဟုတ်သော အစာမကြေဖြစ်ခြင်း) လို့ ခေါ်ပါတယ်။

ဘာတွေကြောင့်ဖြစ်စေသလဲဆိုရင်အစာအိမ် နဲ့အူသိမ် ပထမပိုင်းမှာ ရှိတဲ့ အာရုံခံမှုများပုံမမှန်ဖြစ်ခြင်း ( irritable stomach/ Irritable Bowel Syndrome)အစာအိမ် မှ ရွေ့အားနှေးခြင်း (Delayed Emptying Time)၊ အစာအိမ်ပိုးရှိခြင်း (H.pylori infection)
အစားအသောက်အချို့နှင့် မတည့်ဘဲ အစာမကြေဖြစ်ခြင်း( မတည့်သောအစားအစာ ကတော့ လူတစ်ဦးစီ အတွက် ကွဲပြားနိုင်ပါတယ်) စိတ်ဖိစီးမှုများခြင်း ၊ စိတ်ဓါတ်ကျခြင်း၊စိုးရိမ်မှုလွန်ကဲခြင်း စတဲ့ စိတ်အခြေအနေ တွေကြောင့်လည်း အစာမကြေဖြစ်ခြင်းကို ခံစားရနိုင်ပါတယ်။ တစ်ချို့ဆေးဝါးတွေကြောင့်လည်း အစာမကြေဖြစ်နိုင်ပါတယ်။

ရောဂါ အတိအကျ မရှိတာဖြစ်တဲ့အတွက် ဖြစ်နေတဲ့ အခြေအနေ သက်သာအောင်သာ လုပ်နိုင်မှာ ဖြစ်ပါတယ်။ အရင်ဆုံး လူနာ ကိုယ်တိုင်က စိတ်ပူရတဲ့ ရောဂါမဟုတ်တာကို နားလည်ရမှာ ဖြစ်ပါတယ်။အစာစားချိန်ပုံမှန် စားခြင်း၊ အရမ်းဝနေရင် အလေးချိန်လျှော့ ရပါမယ်၊ ဆေးလိပ်သောက်တတ်ရင်တော့ လုံးဝရပ်ရမှာ ဖြစ်ပါတယ်၊ အရက်အလွန်အကျွံသောက်ခြင်းကိုလည်း ရှောင်ကြဉ်ရပါမယ်။ဆေးအနေနဲ့တော့ အစာအိမ်အက်စစ်လျှော့ချပေးတဲ့ ဆေးတွေသောက်ပေးနိုင်ပါတယ်။ အစာအိမ်ပိုးအတွက်ဆိုရင်တော့ ပိုးသတ်ဆေးသောက်ရမှာ ဖြစ်ပါတယ်။

အစာအိမ်ကင်ဆာ (Stomach Cancer)

အစာအိမ်ထဲမှာ ကင်ဆာဆဲလ် တွေဘယ်ပုံဘယ်နည်းနဲ့ စတင်ဖြစ်ပေါ်စေတဲ့ ဆိုတဲ့ အကြောင်းကို ရှာဖွေမသိနိုင်ကြသေးပေမယ့် အစာအိမ်ကင်ဆာဖြစ်နိုင်ချေ ကို အားပေးတဲ့ အချက်တွေတော့ တွေ့ရှိထားပါတယ်။

- နာတာရှည်အစာအိမ်အနာဖြစ်ခြင်း
- H.pylori လို့ခေါ်တဲ့ ပိုးတစ်မျိုးအစာအိမ်မှာကြာရှည်ကပ်တွယ်ခြင်း
- အစာအိမ်ယောင်ခြင်း
- နာတာရှည် သွေးအားနည်းရောဂါရှိခြင်း
- အစာအိမ်တွင်း အသားပိုအလုံးများရှိခြင်း (gastric polyp) စတဲ့ ရောဂါအခြေအနေတွေအပြင်
- ဆေးလိပ်သောက်ခြင်း
- မီးခိုးကြပ်တိုက်ထားသောအစာများ၊ အကင်များ၊ ဆားစိမ်၊သနပ်များ၊ နဲ့ အငန်များသောအစားအစာ များစားခြင်း
- အသားအလွန်အကျွံစားခြင်း
- အဝလွန်ခြင်း
- အေ သွေးအုပ်စုဝင်များ
- မိသားစုတွင် အစာအိမ်ကင်ဆာ ဖြစ်ဖူးခြင်း နှင့်
- မျိုးရိုးဗီဇ ပုံမှန်မဟုတ်ခြင်း စတဲ့ နေ့စဉ်နေထိုင်စားသောက်ပုံမမှန်တာတွေ နဲ့ မျိုးရိုးဗီဇအရလည်း အစာအိမ်ကင်ဆာကို ပိုဖြစ်စေနိုင်ပါတယ်။

အစပိုင်းမှာတော့

- ပျို့ခြင်း၊ အန်ခြင်း
- မကြာခဏ ရင်ပူရင်ဆာဖြစ်ခြင်း
- အစာမကြ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- အစားအသောက်ပျက်ခြင်း တွေဖြစ်နိုင်ပါတယ်။
ဒီအချက်တွေက လူတော်တော်များများမှာ ဖြစ်နေလေ့ရှိပြီး ဒါတွေဖြစ်နေတိုင်း အစာအိမ်ကင်ဆာရှိနေတယ်လို့ ပြောတာမဟုတ်ပါဘူး. မိမိမျိုးရိုးမှာ ဖြစ်ဖူးတဲ့ လူလည်းရှိမယ်။ အစာအိမ်ရောဂါ အခံလည်းရှိနေမယ်၊ အရမ်းကို ကြာရှည်ဖြစ်နေမယ် ဆိုရင်တော့ ဆရာဝန်နဲ့စောစီးစွာ ပြသတိုင်ပင်ပြီး ရောဂါ ရှိမရှိ စစ်ဆေးနိုင်ပါတယ်။

နောက်ပိုင်း အစာအိမ်ကင်ဆာ ပိုဆိုးလာတဲ့ အချိန်မှာတော့

- အစာအိမ်နေရာမှ နာခြင်း( အစာစားပြီး ပိုဆိုးတတ်ပါတယ်)
- အမြဲတမ်းလိုလို လေပွပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
- မစားနိုင်လောက်အောင်ပျို့အန်ခြင်း
- ကိုယ်အလေးချိန်သိသိသာသာကျသွားခြင်း
- ဗိုက်မှာ အလုံးစမ်းမိခြင်း
- ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း
- ဝမ်းသွားရင် သွေးပါခြင်း
- အားနည်းခြင်း၊ အပင်ပန်းမခံနိုင်ခြင်း
- မျက်လုံးဝါခြင်း၊ အသားဝါခြင်း တို့အထိဖြစ်လာနိုင်ပါတယ်။

အစာအိမ်ကင်ဆာ ကို ရှာဖွေတဲ့နေရာမှာအစာအိမ်မှန်ပြောင်းထဲ့၍ ရောဂါ ရှာခြင်း၊ ဘေရီယမ်ဆေးရည်မျို၍ အစာလမ်းကြောင်းဓါတ်မှန်ရိုက်ခြင်း (Barium Meal X-ray )၊ အသားစယူ၍စစ်ဆေးခြင်း၊ CT Scan ရိုက်ခြင်း၊ သွေးစစ်ဆေးမှုလုပ်ခြင်း တို့ပြုလုပ်ခြင်းဖြင့်ရှာနိုင်ပါတယ်။ကုသမှုပေးတဲ့နည်းတွေကတော့Chemo ဆေးသွင်းကုသခြင်း၊ဓါတ်ကင်ခြင်း၊ခွဲစိတ်ကုသခြင်း စတဲ့ နည်းတွေနဲ့ ကုနိုင်ပါတယ်။ ဘယ်နည်းကအကောင်းဆုံး လဲဆိုတာတော့ ရောဂါရဲ့အဆင့်၊ ကင်ဆာအမျိုးအစား၊ လူနာရဲ့အသက်အရွယ် နဲ့ခံနိုင်ရည်အားတို့ပေါ်မူတည်ပါတယ်။

မြန်မာပြည်သူလူထုရဲ့ ကျန်းမာရေးအခက်အခဲများအတွက် ဖုန်းထဲမှာ အမြဲရှိနေပေးမယ့် MyHealthcare Mobile Application
==========================
• MyHealthcare Application ကို Google Play Store မှအခမဲ့ ဒေါင်းယူရန် - http://bit.ly/2Tr7j8s

• Google play store မှဒေါင်းလုပ်မရပါက ဒီလင့်လေးမှဒေါင်းလုပ်ပြုလုပ်ပေးပါ - http://bit.ly/2NQ5uf8
----------------------------------------
www.myhealthcare.com.mm

Page views: 21,197

Healthy Organization, provided by MyHealthcare

Featured on