ကိုယ်နှင့်သင့်တော်မယ့် သားဆက်ခြားနည်းလမ်းကို ဘယ်လိုရွေးရပါ့မလဲ

ရွေးချယ်တဲ့အခါမှာ ပထမဆုံးသုံးမယ့်သူရဲ့ အသက်အရွယ်အပေါ်မူတည်ပြီး စဉ်းစားရ တယ်။ ဥပမာ- အသက်ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ သားကြောဖြတ်တဲ့နည်းကို မသုံးသင့်ဘူး။ သားကြောဖြတ်ပြီးရင် တစ်သက်လုံး ကလေးပြန်မရနိုင်တော့ဘူး၊ ဒါကြောင့် တစ်ချိန်ချိန်မှာ စိတ်ပြောင်းလဲသွားပြီး ကလေးပြန်လိုချင်ရင် အကြီးအကျယ် နောင်တရ လိမ့်မယ်။ အသက်အရွယ်ကြီးလာပြီး မိမိရဲ့အောက်မှာ သားသမီးအရေအတွက် ပြည့်စုံပြီး အိမ်ထောင်ရေးအခြေအနေကလည်း တည်ငြိမ်ပြီဆိုရင်တော့ သားကြောဖြတ်လိုက်တာဟာ အသင့်လျော်ဆုံးပါပဲ။

နောက်တစ််ချက်ကတော့ သုံးစွဲမယ့်စုံတွဲရဲ့ လူနေမှုဘဝအနေအထားပါပဲ။ ငွေကြေး မတတ်နိုင်တဲ့သူ ဆင်းရဲနွမ်းပါးသူမှာ ဈေးအလွန်ကြီးတဲ့ သားဆက်ခြားနည်းတွေ သုံးလို့ မသင့်လျော်ဘူး။

အမျိုးသမီးရဲ့သတိကောင်းမှု မကောင်းမှုကလည်း အရေးကြီးပြန်တယ်။ ဥပမာ- သားဆက်ခြားဟော်မုန်းဆေးလုံးလေးတွေကို သောက်တော့မယ်ဆိုရင် နေ့စဉ်အချိန်မှန်မှန် တစ်ရက်မမေ့တမ်း သောက်နိုင်တဲ့ သတိကောင်းဖို့လိုတယ်။ အင်မတန် သတိမမေ့တတ်တဲ့ အမျိုးသမီးဆိုရင်တော့ ဒီလိုဆေးမျိုးသွားသောက်ရင် မလိုချင်ဘဲ ကလေးရသွားတတ်တယ်။ အဲသလိုလူမျိုးမှာဆိုရင်တော့ သတိရဖို့ လုံးဝမလိုအပ်တဲ့ သားအိမ်ထဲပစ္စည်းထည့်တဲ့ နညး်မျိုးကို သုံးရင် ပိုပြီးသင့်လျော်မှာပေါ့။

မိမိရဲ့အဖော် လင်ယောက်ျား(သို့) ဇနီးကတခြားအပျော်အဖော်တွေနဲ့ နေတတ်တယ်လို့ သံသယရှိလာပြီဆိုတာနဲ့ တခြားဘယ်လို သားဆက်ခြားနည်းကိုဘဲသုံးသုံး ကွန်ဒုံးကိုတော့ သုံးကိုသုံးသင့်တယ်။ တကယ့်ကို လုံးဝကလေးမယူတော့ဘူးဆိုရင် အပြီးအပိုင် သားဆက်ခြားရတဲ့ သားကြောဖြတ်နည်း (ယောက်ျား သို့မဟုတ် မိန်းမတစ်ဦးဦး) ကို သုံးသင့်တယ်။

အချိန်တစ်ခု သားဆက်ခြားမယ်။ ပြီးတာနဲ့ ချက်ချင်း ကလေးပြန်ယူမယ် ဆုံးဖြတ်ရင် (အထူးသဖြင့် အမျိုးသမီးက အသက်ကြီးနေပြီဆိုရင်) သုံးရမယ့် သားဆက်ခြားနည်းဟာ ရပ်လိုက်တာနဲ့ ကလေးချက်ချင်းပြန်ရနိုင်တဲ့ နည်းလမ်းမျိုးဖြစ်ဖို့ အရေးကြီးတယ်။ ဥပမာ- အဲဒီလူမျိုးဟာ (၃)လခံ ပဋိသန္ဓေတား ဟော်မုန်းဆေး Depo-provera ကို မသုံးသင့်ဘူး။ ဒီထိုးဆေးဟာ ဆေးရပ်လိုက်ပြီးရင် အနည်းဆုံး (၆) လ၊ (၁) နှစ်လောက်တော့ ကလေးပြန်ရဖို့ မလွယ်ဘူး။

အသက်ကြီးကြီးအမျိုးသမီးတွေ အိမ်ထောင်ကျပြီးရင် မကြာခင် ကလေးပြန်လိုချင်ရင် ကလေးတားဖို့ ဒီ (၃)လခံထိုးဆေးးကို လုံးဝမသုံးတော့ပါဘူး။ နောက်တစ်ချက်ကတော့ သုံးစွဲ မယ့် အမျိုးသမီးရဲ့ ကျန်းမာရေးအခြေအနေ သူ့မှာ ဘာရောဂါတွေ ရှိသလဲ ဆိုတာပါပဲ။ သူ့မှာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ခေါင်းတစ်ခြမ်းကိုက်ရောဂါ (သို့) နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးကြောထဲ သွေးခဲ ပိတ်ဆို့တဲ့ရောဂါတွေ ရှိတယ်ဆိုရင် ဒီလိုလူမျိုးဟာ ဟော်မုန်း (၂) မျိုးပါ သားဆက်ခြား ဆေးလုံးတွေ သောက်ဖို့ မသင့်တော်ပါဘူး။ အန္တရာယ်ရှိလို့ပါ။

အသက်ကြီးမယ်၊ ဝဖြိုးပြီးအဆီများမယ်၊ ဆေးလိပ်လည်း သောက်မယ်ဆိုရင် လည်းနှလုံးသွေးကြောကျဉ်းရောဂါ ပိုပြီဖြစ်တဲ့အတွက်သူဟာခုနပြောတဲ့ ဆေးလုံးတွေ သောက်ဖို့ မသင့်လျော်ပါဘူး။

Credit : မျိုးပွားကျန်းမာရေး အမေး-အဖြေစာအုပ်

Page views: 512

Healthy Organization, provided by MyHealthcare

Featured on